Tuesday, February 15, 2011

ငါးအချိုပေါင်း

ငါးဆိုရင် အိမ်မှာသိပ်ချက်လေ့မရှိပါဘူး။ ငါးဟင်းလည်း သိပ်မကြိုက်တာနဲ့ တစ်ခါတစ်လေမှ ချက်လေ့ရှိတယ်။ ဒီတစ်ခါတော့ ငါးပေါင်းလုပ်နည်းလေးရထားတာနဲ့ လုပ်စားကြည့်လိုက်တာ တော်တော်လွယ်ပြီး အရသာရှိပါတယ်။ စုစုပေါင်း ၁၅ မိနစ်လောက်ပဲကြာတယ်။ အဲဒီငါးပေါင်းထဲက ဆော့စ်ချိုချိုငံငံကို ကြိုက်လို့ လုပ်နည်းရှာနေတာကြာပါပြီ။ ခုမှပဲ ရတော့တယ်

တီလားပီးယားငါးကိုပေါင်းထားတာပါ။ အရိုးနည်းတဲ့ တခြားငါး ဥပမာ Yellow Tail Fusilier (ဗမာလိုဘယ်လိုခေါ်လဲမသိ) ငါးကိုသုံးလည်း ရပါတယ်။ သူက ပိုတောင် အသားများပြီး ချိုသလိုပဲ။ အိမ်မှာတော့ ပထမတစ်ခါလုပ်စားပြီးလို့ ကြိုက်လို့ထပ်လုပ်စားဖြစ်တော့ ဓာတ်ပုံတော့ မရိုက်ထားလိုက်ဘူး။ နောက်လည်း ခဏခဏလုပ်စားဖြစ်မယ့် ဟင်းတစ်မျိုးပါ။

ပထမဆုံးငါးကို အနံ့ပျောက်အောင် မန်ကျည်းမှည့်နဲ့ သေချာဆေးပါတယ်။  ပြီးရင် ငါးပေါင်းမယ့် ပန်းကန်ထဲမှာထည့် Chinese Cooking Wine တစ်ဇွန်းကို ငါးပေါ်လောင်း၊ ဂျင်းပါးပါးလှီးတာကို ငါးပေါ်တင်ပြီး ၆-၈ မိနစ်လောက်ပေါင်းပါတယ်။ ငါးပေါင်းနေတုန်းမှာ sauce ကိုပြင်ပါမယ်

  • ပဲငံပျာရည် အကြည်- စားပွဲဇွန်း ၄ ဇွန်း
  • ဟင်းချက်ဝိုင်ဖြူ (တရုပ်တွေသုံးလေ့ရှိတဲ့ ဆန်နဲ့လုပ်ထားတဲ့ဝိုင်ပါ) - စားပွဲဇွန်း ၂ ဇွန်း
  • ရေ - စားပွဲဇွန်း ၂ ဇွန်း
  • နှမ်းဆီ အနည်းငယ်
  • ငရုပ်ကောင်း အနည်းငယ်
  • သကြား -လက်ဖက်ရည်ဇွန်း ၂ ဇွန်း (ဒါက မိမိကြိုက်သလိုလိုတိုး ပိုလျော့လုပ်ပါ)

  1. ဒါတွေအားလုံးကိုရောထားလိုက်ပါ။
  2. ငါးရပြီ ဆိုရင် ငါးကထွက်လာတဲ့ရေတွေ အားလုံးကို သွန်ပြစ်ရပါမယ်။ မနှမြောပါနဲ့။ နို့မို့ဆို ငါးညှီနံ့ရရင် စားလို့မကောင်းပါဘူး။ တင်ထားတဲ့ ဂျင်းတွေကိုလည်း ပြစ်လိုက်ပါ။
  3. ပြီးရင် ဆီစားပွဲဇွန်းတစ်ဇွန်းကို အပူပေးပြီး ငါးပေါ်ကိုလောင်းလိုက်ပါ။  (အရောင်စိုစိုလေးနဲ့ ပိုပြီး လှစေတယ်ပြောတာပဲ)
  4. အဲဒီ ဆီအိုးကို သုံးပြီး ခုနကရောထားတဲ့ ဆော့စ်ကို ဆူအောင် အပူပေးပါ။ ဂျင်းကို လည်း ပါးပါးလှီးပြီး ဆော့စ်ထဲကို ထည့်ပါ။
  5. ဆူတာနဲ့ ငါးပေါ်လောင်းပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါပြီ။ ချက်ခြင်းစားမှကောင်းမှာပါ။ အေးသွားရင်မကောင်းပါဘူး။
 အိမ်မှာသုံးတဲ့ Rice Wine ပါ ( Courtesy of Google Image)

    7 comments:

    Sunny said...

    ငါးအချိုပေါင်းလေး လုပ်စားကြည့်ဦးမယ်.. ငါးကြိုက်တာနဲ့ အတော်ပဲ.. ကျေးဇူးနော်..

    ငွေစန္ဒာ said...

    ငါးဆိုရင်ဘယ်လိုလုပ်လုပ်ကြိုက်တယ်လုပ်စားကြည့်မယ်။
    sauceလုပ်နည်းလေးအတွက်ကျေးဇူးနော်။

    Anonymous said...

    Evyလေး နေကောင်းလား
    ငါးပေါင်း လာစားတယ်နော်


    Baby taster

    ချော(အစိမ်းရောင်လွင်ပြင်) said...

    စားချင်စရာလေး
    လှလှလဲ စားလို့လည်းကောင်း နေမယ်နော်

    Snow said...

    ငါးဟင်းကို ဘယ်လိုချက်ချက် ကြိုက်တယ်။ အစ်မငါးပေါင်းလေး တစ်ရက်လောက် လုပ်စားကြည့်ဦးမယ်။ စားကောင်းမယ့်ပုံလေး။

    Anonymous said...

    တရုတ်ဝိုင် ဆိုတာလေးကို ပုံနဲ့ ပြပေးနိုင်မလားရှင်...

    Evy said...

    အားလုံးကျေးဇူးပါရှင်။

    ကောင်းပါတယ် မမဘေဘီရေ။ ခုမှ ဟင်းပြန်ချက်နိုင်တယ် :)

    Anonymous=> rice wine ပုံကိုထပ်ဖြည့်ပေးလိုက်ပြီနော်